“လွတ်လပ်ရေးနေ့အထိမ်းအမှတ် သက်တမ်းအလိုက် မိုက်ခရိုမာရသွန်အပြေးပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပရန်စီစဉ်”

19 Dec

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်ရောက်ရှိမည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သက်တမ်းအလိုက် မိုက်ခရိုမာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်တွင် ကျင်းပရန်စီစဉ်ထားကြောင်း သိရပါတယ်။ အဆိုပါ မိုက်ခရိုမာရသွန်အပြေးပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အသက်အပိုင်းအခြားအလိုက် အုပ်စုခွဲထားပြီး အသက် ၈ နှစ်မှ ၁၂ နှစ်အထိ၊ အသက် ၁၃ နှစ်မှ ၁၈ နှစ်အထိ၊ အသက် ၁၈ နှစ် အထက်ပြိုင်ပွဲများ ထည့်သွင်းကျင်းပရန် သတ်မှတ်ထားပါတယ်။ ပြိုင်ပွဲ၌ ဆုရရှိသူများကို ဆုကြေးအဖြစ် ပထမဆု ငွေကျပ်သုံးသိန်း၊ ဒုတိယဆု ငွေကျပ်နှစ်သိန်း၊ တတိယဆု ငွေကျပ်တစ်သိန်း၊ စတုတ္ထဆု ငွေကျပ်ခုနစ်သောင်း၊ ပဉ္စမဆု ငွေကျပ်ငါးသောင်းနှင့် နှစ်သိမ့်ဆု ငွေကျပ်နှစ်သောင်း ပေးအပ် ချီးမြှင့်မည်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံထားရသည့် လက်ရွေးစင် အားကစားသမားများ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ရွေးစင်အားကစားသမားများကိုတော့ မိုက်ခရိုမာရသွန်အပြေးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မပြုကြောင်း သိရပါတယ်။ ထိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေနဲ့ ဗိုလ်တထောင်ခရိုင်အတွင်းရှိ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန် တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးများနှင့် ဗိုလ်တထောင်ခရိုင်ပညာရေးမှူးရုံးတို့တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါ တယ်။ မိုက်ခရိုမာရသွန်အပြေးပြိုင်ပွဲကို ဗိုလ်တထောင်ခရိုင်နှင့် ဝန်းကျင်ခရိုင်များအတွင်းရှိ ပြည်သူများ ကျန်းမာ ပျော်ရွှင်စွာ အားကစားလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားလာစေရန်၊ အားကစားစိတ်ဓာတ် နိုးကြားလာစေရန်နှင့် စည်းလုံး ညီညွတ်မှုဖြင့် လွတ်လပ်ရေးပွဲကို ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

19 Dec

ADVERTISE HERE .