“၂၀၂၄ ခုနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးသို့ ပြည်တွင်း၊ပြည်ပခရီးသွား ၈ သိန်းခွဲအထိ ဝင်ရောက်ခဲ့”

19 Dec

၂၀၂၄ ခုနှစ် ၁၁ လတာအတွင်း တနင်္သာရီတိုင်းဒေသကြီးသို့ ပြည်တွင်း၊ ပြည်ပခရီးသွားစုစုပေါင်း ၈ သိန်းခွဲ အထိ ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးခွဲမှ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း ၁ သန်းကျော်ဝင်ရောက်ထားပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၈ သိန်းခွဲအထိ ဝင်ရောက်ထားကြောင်း သိရပါတယ်။ အဆိုပါဒေသမှာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုထားတဲ့ လိုင်စင်ရဟိုတယ်စုစုပေါင်း ၆၄ လုံး ရှိပြီး လက်ရှိမှာ ၄၅ လုံးဖွင့်လှစ်ထား‌ကြောင်း သိရပါတယ်။ ကျွန်းပေါင်း ၈၀၀ ကျော်တည်ရှိတဲ့ မြိတ်ကျွန်းစု ဒေသ အတွင်း ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များအနေနဲ့ ရေပေါ်ရေအောက်ရှုခင်းများ၊ လှပသောသဲသောင်ပြင်များ ပါဝင်တဲ့ ကျွန်းများ၊ ဆလုံလူမျိုးများရဲ့ ယဉ်ကျေးမှုဓလေ့ထုံတမ်းများနှင့် လူနေမှုဘဝနေထိုင်မှု ပုံစံများကို လေ့လာ နိုင်မယ့်အပြင် ရေကူးခြင်း၊ ဒေသသုံးလှေငယ်များဖြင့် သဘာဝဒီရေတောများကိုလည်း လေ့လာနိုင်ခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေများနှင့်လိုက်ပါ၍ ငါးဖမ်းခြင်းလုပ်ငန်းများကိုလည်း လေ့လာလည်ပတ်နိုင်သလို လေးကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်းနှင့် ဒုံးရေတံခွန်တို့သို့ ခရီးသွားအများဆုံးလည်ပတ်ကြောင်း သိရပါတယ်။ (NVS 004 )

19 Dec

ADVERTISE HERE .