"တန်ဖိုးမြင့်စားသောက်ကုန်များ တိုးမြင့်မှာယူမှုများရှိလာ"

18 Dec

တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ထားတဲ့ မြန်မာ့စားသောက်ကုန်တွေကို ပြည်တွင်းဈေးကွက်မှာ အမှာစာ ရရှိမှုများပြားလာတယ်လို့ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။ ပြည်တွင်းကထွက်ရှိတဲ့ မွေးမြူရေးနဲ့ စားသောက်ကုန် ကုန်ကြမ်းပစ္စည်းတွေကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ကိုပါ တင်ပို့ရောင်းချနေပါတယ်။ လက်ရှိမှာ တန်ဖိုးမြင့် မြန်မာ့စားသောက်ကုန်တွေဟာ ပြည်ပကတင်သွင်းလာတဲ့ စားသောက်ကုန်တွေနေရာမှာ ပိုမိုအစားထိုးဝင်ရောက် လာတာကြောင့် ပြည်တွင်းဈေးကွက်ထဲမှာ အမှာစာတွေ အများအပြား ပိုမိုရရှိလာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအောင်ရွှေက ပြောပါတယ်။ ပြည်ပကို မြန်မာ့စားသောက်ကုန် ကုန်ကြမ်းတင်ပို့တာထက် တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တင်ပို့တာ ဟာ ပို့ကုန်ဝင်ငွေ ၃ ဆခန့် ပိုမိုရရှိတာဖြစ်တဲ့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အနေနဲ့ လိုအပ်တာတွေကို ပိုမိုထောက်ပံ့ ပေးဖို့ လိုအပ်တယ်လို့ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချတဲ့လုပ်ငန်းရှင်များထံကနေ သိရပါတယ်။ ပြည်တွင်းမှာ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ထားတဲ့ ခေါက်ဆွဲခြောက်၊ ပေါင်မုန့် ၊ ဟင်းသီး ဟင်းရွက် ခြောက် ၊ ပျားရည် အစရှိတဲ့ မြန်မာ့အစားအစာတွေကို ဂျပန် ၊ ကိုရီးယားနဲ့ အာရှဈေးကွက်တွေကို တင်ပို့နေပြီး ဈေးကွက်သစ်တွေလည်း ထပ်မံရှာဖွေသွားမယ်လို့ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းကနေ သိရပါတယ်။ (NVS 004)

18 Dec

ADVERTISE HERE .