“အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၃၆)ကြိမ် ဖွင့်လှစ်ပေးပြီး”

17 Dec

ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား တစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာရပ်သင်တန်း (၃၆)ကြိမ် ဖွင့်လှစ် သင်ကြားပေးပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ အဆိုပါသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်းမှာ ကျေးလက်နေပြည်သူများ၊ လူငယ်၊ လူရွယ်များ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာရပ်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။ သင်တန်းများကို ယခုဘဏ္ဍာနှစ်မှာတော့ (၃၄)ကြိမ်အဖြစ် လျာထားကာ ဧပြီလမှစတင်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေရာ လက်ရှိချိန်အထိ သင်တန်းပေါင်း (၃၆)ကြိမ် ဖွင့်လှစ်ပေးထားပြီးဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာရပ်သင်တန်းများ သင်ကြားပေးနေရာတွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ လျှပ်စစ်သံဂဟေဆက်သင်တန်း၊ မော်တော်ဆိုင်ကယ် အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ လျှပ်စစ် မော်တာ အပ်ချုပ်စက်သင်တန်း၊ အခြေခံအပ်ချုပ်စက်သင်တန်း၊ လျှပ်စစ်ဝါယာရိန်းသင်တန်း၊ မော်တာစက်ချုပ်သင်တန်း၊ စက်ရက်ကန်း၊ လက်ရက်ကန်း စတဲ့ သင်တန်းများ စုစုပေါင်း (၃၆)ကြိမ် ဖွင့်လှစ်သင်ကြားပို့ချပေးထားပါတယ်။ အခုလို သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းကြောင့် ပြည်သူများအနေနဲ့ တစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်ရန် ပညာရပ်များရရှိနိုင်မှာဖြစ်ကြောင်း သိရပါတယ်။(NVS-004)

17 Dec

ADVERTISE HERE .