ဂျပန်နိုင်ငံမှ အလုပ်ကမ်းလှမ်းစာ ၄၀၃ စောင်ဖြင့် မြန်မာလုပ်သား ၁,၀၀၀ ကျော် ခေါ်ယူရန်ဆောင်ရွက်လျက်ရှိ
17 Decဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၁,၀၀၀ ကျော်ကို ခေါ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာသံရုံးမှ ထုတ်ပြန်ထားပါတယ်။ မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက် ပေးလျက်ရှိနေပါတယ်။ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများ ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန မှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့သည့် လုပ်ငန်းစဉ်များကို မြန်မာသံရုံးက ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မြန်မာသံရုံးအနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲ အလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်အထိ စိစစ်လက်ခံပြီးစီးသည့် အလုပ် ကမ်းလှမ်းစာများကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့မှ ပေးပို့ပြန်ကြားခဲ့သည်မှာ ၄၀၃ စောင်ရှိကြောင်း သိရပါတယ်။ (NVS 004)