ရန်ကုန်မြို့ မြေအောက်လမ်းကူးလူသွားဥမင် အချောသတ်လုပ်ငန်းများဆောင်ရွက်

17 Dec

ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်တို့ကို ဖြတ်သန်းသွားလာသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းပြီး သက်သောင့်သက်သာဖြစ်စေရန် ဆောက်လုပ်လျက်ရှိတဲ့ မြေအောက်လမ်းကူး လူသွားဥမင် Underpass အချောသတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်ကို ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော် အနောက်ဘက် မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြားတွင် တည်ဆောက်လျက် ရှိပါတယ်။ လက်ရှိအချိန်တွင် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း မှ ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းမှာ ကြည့်ရှုစစ်ဆေး ခဲ့ပါတယ်။ လုပ်ငန်းများဆောင်ရွက်နေသည့် အပိုင်း (၁) လမ်းလယ်ကျွန်းလုပ်ငန်းပြီးစီးမှု၊ အပိုင်း (၂) ဘုရားဘက်ခြမ်း လုပ်ငန်းပြီးစီးမှု၊ အပိုင်း (၃) ပြည်သူ့ရင်ပြင်ဘက်ခြမ်းလုပ်ငန်းပြီးစီးမှု၊ မီးလုပ်ငန်း၊ ရေလုပ်ငန်း၊ လေသန့်လုပ်ငန်း၊ Automation လုပ်ငန်းများပြီးစီးဖြစ်၍ လုပ်ငန်းတစ်ရပ်လုံး၏ အချောသပ်လုပ်ငန်းဆောင်ရွက်နေမှုများကို ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြပါတယ်။ မြေအောက်လမ်းကူး လူသွားဥမင်ကို ၂၃ ပေ အကျယ်ရှိပြီး မြေအောက်လမ်းကူး လူသွားဥမင်အဖြစ် တည်ဆောက်ထားတာကြောင့် တစ်နာရီလျှင် လူဦးရေ ၁၄,၀၀၀ ဦးခန့် ဖြတ်သန်းသွားလာနိုင်မှာဖြစ်ပါတယ်။ မြေအောက်ဥမင်အတွင်း ရွေ့လျားစက်လှေကား ၄ စင်း၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအသုံးပြုရန် ဓာတ် လှေကား (၁၀) ယောက်စီး ၂ စင်းပါရှိပြီး မကြာမီဖွင့်လှစ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

17 Dec

ADVERTISE HERE .