ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေ

16 Dec

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ကော်ဖီမှာ ကဖင်းဓာတ်အပြင် အရွယ်တင်နုပျိုစေတဲ့ antioxidant ဓာတ်တွေနဲ့ ခန္ဓာကိုယ်အတွင်းပိုင်းရောင်ရမ်းတာကို သက်သာစေတဲ့အရာတွေလည်း ပါဝင်ပါတယ်။ ကော်ဖီရဲ့ထူးခြားချက်တစ်ခုက အမျိုးသမီးတွေမှာအဖြစ်များတဲ့ ရောဂါအချို့ကို ကာကွယ်ပေးနိုင်တဲ့အပြင် အယ်လ်ဇိုင်းမားရောဂါနဲ့ နှလုံးရောဂါအချို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကော်ဖီသောက်ခြင်းက နှလုံးအားနည်းတဲ့ရောဂါေတွဖြစ်ခြင်းကို လျော့ကျစေပါတယ်။ နှလုံးအားနည်းပြီး သွေးလုံလောက်အောင်မညှစ်ပေးနိုင်လို့ ရုတ်တရက် နှလုံးရပ်သေဆုံးတဲ့ဖြစ်စဉ်ကို လေ့လာကြည့်တဲ့အခါမှာ နေ့စဉ် ကော်ဖီ ၁ ခွက်/ ၂ ခွက် သောက်တဲ့ သူတွေမှာဆိုရင် ဖြစ်နိုင်ခြေနည်းတယ်လို့ တွေ့ရှိရပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေရဲ့ဖြစ်ပွားနှုန်းကိုနည်းစေပြီး အသက်ပိုရှည်စေပါတယ်။ လေ့လာချက်တွေအရ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုသွေးချိုနဲ့ ကျောက်ကပ်ရောဂါများကြောင့် သေဆုံးနှုန်းဟာ ကော်ဖီသောက်သုံးတဲ့ အမျိုးသမီးအများစုမှာ ပိုနည်းတာကိုတွေ့ရပါတယ်။ ကော်ဖီခါးခါးသောက်လေ့ရှိတဲ့ သူတွေမှာဆို ဆဲလ်တွေ ပျက်ဆီးတာကို လျော့ကျစေပြီး ကင်ဆာနဲ့ အချို့အလုံးအကျိတ်တွေ ဖြစ်ပွားခြင်းကို လျော့နည်းစေပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာဖြစ်တာကိုလည်း လျော့ကျစေပါတယ်။ ပုံမှန်အားဖြင့် လူ ၂၃ ယောက်မှာ ၁ ယောက်နှုန်းဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိပြီး ကော်ဖီသောက်သုံးတဲ့သူတွေမှာတော့ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၂၆% အထိလျှော့ချပေးနိုင်တယ်လို့ လေ့လာသုံးသပ်ချက်တွေမှာ တင်ပြထားတာတွေ့ရပါတယ်။ အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းကိုလည်း နည်းစေပါတယ်။ အသက် ၆၅ နှစ်နဲ့ အထက် အမျိုးသမီးတွေမှာ တစ်နေ့ကို ကော်ဖီ ၂-၃ ခွက်သောက်သုံးခြင်းဟာ စိတ်ကစဉ့်ကလျားဖြစ်နှုန်း နည်းစေတာတွေ့ရပါတယ်။ ကော်ဖီသောက်ခြင်းက သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကော်ဖီကို သင့်တော်တဲ့ပမာဏ ပုံမှန်သောက်သုံးသူတွေမှာ ဆီးချိုရောဂါအမျိုးအစား ၂ (Type 2 Diabetes) ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အချိုဓာတ်လွန်ကဲထားတဲ့ကော်ဖီတွေ မသောက်မိဖို့တော့ လိုအပ်ပါတယ်။ ဒါ့အပြင် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုစေနိုင်ပြီး ပါကစ်ဆန်ရောဂါ ( Parkinson’s disease ) ဖြစ်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။ Parkinson’s disease ဖြစ်သူတွေမှာလည်း လှုပ်ရှားမှုတိုးတက်ဖို့အတွက် အထောက်အကူပြုပါတယ်။ ကော်ဖီသောက်ခြင်းက အသည်းအင်ဇိုင်းကို ပုံမှန်အတွင်းထိန်းပေးထားပြီး အသည်းကိုလည်း ကျန်းမာစေပါတယ်။ တစ်နေ့ ကော်ဖီတစ်ခွက် ပုံမှန်သောက်သုံးရင် လေဖြတ်တာကို ကာကွယ်ပေးနိုင်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမယ့် ပညာရှင်တွေက တစ်နေ့ကို ကော်ဖီ ၄ ခွက် ကနေ ၅ ခွက်အထိသာ သောက်သုံးနိုင်ပြီး ကဖင်းဓာတ်အားဖြင့် ၄၀၀ မီလီဂရမ်ခန့် သောက်သုံးနိုင်ပါတယ်လို့ အကြံပြုထားပါတယ်။ ကော်ဖီအလွန်အကျွံသောက်သုံးတဲ့အခါမှာ နှလုံးခုန်နှုန်းမြန်တာ၊ သွေးဖိအားမြင့်လာတာ၊ စိတ်လှုပ်ရှားတာနဲ့ အိပ်မပျော်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေမှာဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ကော်ဖီကိုသောက်သုံးသင့်ပါတယ်။ (NVS 003)

16 Dec

ADVERTISE HERE .