“၁၁ လတာကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မတော်တဆမှုပေါင်း ၁၈၉ မှု ဖြစ်ပွားခဲ့”
16 Decရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ၁၁ လတာ ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၈၉ မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။ ၁၁ လတာကာလအတွင်းမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု များမှာ ဇန်နဝါရီလတွင် ၁၈ မှု၊ ဖေဖော်ဝါရီလတွင် ၁၂ မှု၊ မတ်လတွင် ၁၄ မှု၊ ဧပြီလတွင် ၁၅ မှု၊ မေလတွင်၂၁ မှု၊ ဇွန်လတွင် ၁၉ မှူ၊ ဇူလိုင်လတွင် ၁၆ မှု၊ ဩဂုတ်လတွင် ၁၃ မှု၊ စက်တင်ဘာလတွင် ၂၃ မှု၊ အောက်တိုဘာလတွင် ၂၃ မှုနှင့် နိုဝင် ဘာလ တွင် ၁၅ မှုရှိပြီး စုစုပေါင်း ၁၈၉ မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် အမျိုးသား ၂ဝ၇ ဦးနှင့် အမျိုးသမီး ၁၃၁ ဦး စုစုပေါင်း ၃၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၆၀ ဦးနှင့် အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၈၇ ဦး သေဆုံးခဲ့ပါတယ်။ ထိုကဲ့သို့ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု ဖြစ်စဉ်အများစုမှာ ယာဉ်မောင်းမကျွမ်းကျင်မှုနှင့် မဆင်မခြင်အရှိန်ပြင်း မောင်းနှင်မှုများဖြစ်ပါတယ်။ ဒါ့ကြောင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ်များအား အရှိန်နှုန်း တိုင်းတာစက်များဖြင့် တိုင်းတာစစ်ဆေးပြီး အရေးယူခြင်းများကို အလေးထားဆောင်ရွက်ရှိကြောင်း သိရပါတယ်။(NVS-004)