“မန်ချက်စတာဒါဘီမှာ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တဲ့ မန်ယူအသင်း”
16 Decအခုတစ်ပတ်စူပါဆန်ဒေးရဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ယူအသင်းက မန်စီးတီးအသင်းကို နောက်ကျ သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆) အဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အိမ်ရှင်မန်စီးတီးအသင်းက မန်ယူအသင်းကို အကောင်းဆုံးပုံစံတွေနဲ့ ဖိအားပေးကစားထားနိုင်ခဲ့ပေမယ့် မန်ယူအသင်းက အကောင်းဆုံးတုံ့ပြန်ကစား နိုင်ခဲ့တာ ကြောင့် အခုပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပါတယ်။ အိမ်ရှင် မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၆ မိနစ်မှာ ဂီဗာဒီရိုလ် က ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး မန်ယူအသင်းကို ဖိအားပေးကစားထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အပြန်အလှန်တိုက်စစ်တွေနဲ့ နှစ်သင်းလုံးက ဖိအားပေးကစားထားနိုင်ခဲ့ကြပေမယ့် အဆုံးသတ်ပိုင်း မသေချာခဲ့တာကြောင့် မိနစ် ၈၀ ကျော်တဲ့ အိမ်ရှင်မန်စီးတီးအသင်းက မန်ယူအသင်းကို ဦးဆောင် ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၈ မိနစ်မှာ မန်ယူအသင်းက ပင်နယ်တီရရှိခဲ့ပြီး မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်ဇ် က သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် ၉၀ မှာပဲ ဒီယာလို အာမက် က အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် မန်ယူအသင်းဟာ အိမ်ရှင်မန်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နိုင်ရရှိခဲ့ပါတယ်။ (NVS 008)