“ပြင်သစ်နိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်၍ ၁၄ ဦးသေဆုံးပြီး ဆိုးရွားစွာပျက်စီး”
16 Decပြင်သစ်နိုင်ငံ မာယော့တီကျွန်း၌ ဒီဇင်ဘာလ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း ချီဒို ဝင်ရောက်တိုက်ခတ် မှုကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံးပြီး ကျွန်းအတွင်းအလွန်ဆိုးရွားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာလ ၁၅ ရက်တွင် ပြင်သစ်မီဒီယာများက ထုတ်ပြန်ထားသည်။ မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများမှာ မာယော့တီဗဟိုဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိပြီး ကိုးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်းနှင့် အခြား ၂၆၄ ဦးမှာ ဒဏ်ရာမစိုးရိမ်ရကြောင်း မြို့တော်မာမွတ်ဇူ၏ မြို့တော်ဝန် အမ်ဘ်ဒယ်ဝါဟီဒေါ့ ဆိုမိုင်လာ က ပြောကြားခဲ့သည်။ မုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီး သွားလာ၍ မရတော့ကြောင်း၊ အစားအစာ နှင့် ရေများလည်း လိုအပ်လျက်ရှိကြောင်း မြို့တော်ဝန် ဆိုမိုင်လာ က ဒေသတွင်း မီဒီယာများသို့ ပြောကြားသည်။ ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ဘရူနိုရီ တေးလီယို က ဒီဇင်ဘာလ ၁၅ ရက်ညပိုင်းတွင် မုန်တိုင်းတိုက်ခတ်ခဲ့သည့် နေရာသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။