“ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးကို ကျပ် ၁၀ ဘီလီယံခန့် ကုန်ကျမည့် ရွှေသင်္ကန်းတော် အား ကပ်လှူမည်"

16 Dec

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်မှာ တည်ထားကိုးကွယ်တဲ့ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်သို့ ကျပ် ၁၀ ဘီလီယံခန့် ကုန်ကျမည့် ရွှေသင်္ကန်းတော်အား ကပ်လှူသွားမည်ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့၊ ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဦးစီးကော်မတီမှ သိရပါတယ်။ စေတီတော်ကြီးသို့ လုံးတော်ပြည့်ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရေးလုပ်ငန်းကို လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်မည်ဖြစ်ပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးနှင့် အရန်စေတီတော်များကိုပါ ရွှေစင်ရွှေပြား၊ ကြေးဘောင်ကြေးပြားနှင့် မျက်ပါးရွှေဆိုင်း ရွှေသင်္ကန်းတော်များကို ကပ်လှူပူဇော်သွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာလည်း ရွှေသင်္ကန်းတော်ကပ်လှူနိုင်ရန် လုံးတော်ပြည့်ငြမ်းစေတီ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကာ လှူဒါန်းမည့်အလှူရှင်များအနေဖြင့်လည်း ရွှေစင်ရွှေပြား တစ်ကျပ်သားလျှင် သိန်း ၃၀ နှုန်း၊ ၉ လက်မပတ်လည် ကြေးပြားပေါ်ကပ် ရွှေတစ်ကျပ်ခွဲသား လျှင် ၄၅ သိန်းနှုန်း ကျသင့်မှာဖြစ်ပြီး ကြေးပြားတွင် အလှူရှင် အမည်ကို ကမ္ဗည်းထိုးပေးမှာဖြစ်ကြောင်း၊ ရွှေဆိုင်းအနေဖြင့်လည်း ရာစည်းတစ်ဆိုင်းလျှင် ကျပ်သုံးသိန်း၊ ၉ လက်မပတ်လည် ရွှေဆိုင်းအတွက် ၇၅,၀၀၀ ကျပ်၊ မျက်ပါးရွှေ ၁၀ ရွက်လျှင် ကျပ် ၃၀,၀၀၀ စသဖြင့် ကျသင့်မှာဖြစ်ပြီး သဒ္ဒါတတ်အားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထား ပါတယ်။ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ရာတွင်လည်း ရထားပျံဖြင့် ကပ်လှူသွားမှာဖြစ်ပြီး ပူဇော်ခြင်း အခမ်းအနားကို လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ပြုလုပ်ရန် စီစဉ်ထားပြီး ကပ်လှူခြင်းလုပ်ငန်းစဉ်ကိုလည်း ဧပြီလကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မေလမှာ စေတီတော်မြတ်ကြီးကို ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် လှူဒါန်းမှု အစုစုတို့အတွက် စုပေါင်းရေစက်ချ အောင်ပွဲကိုလည်း ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

16 Dec

ADVERTISE HERE .