"သာစည်-ရွှေညောင်ရထား ပြန်ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေ"
16 Decသာစည်-ရွှေညောင် အမြန်ဆုံးရထား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားကနေ သိရပါတယ်။ အဆိုပါရထားလမ်းပိုင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ရာဂီမုန်တိုင်းအရှိန်ကြောင့် ရထားလမ်း ပျက်စီးခဲ့ပြီး အမှတ် (၁၄၁) အဆန်/ (၁၄၂) အစုန် သာစည် - ရွှေညောင် ရထားပြေးဆွဲမှုကို ရပ်နားထားရခြင်း ဖြစ်ပါတယ်။ ရာဂီမုန်တိုင်းအရှိန်ကြောင့် သာစည်-ရွှေညောင် ရထားလမ်းပိုင်း ဆင်တောင်-မြင်းဒိုက်ကြားရှိ ရထားလမ်း တာပေါင်နေရာများ၊ ကမ်းပါးနီဥမင် အဝင်၊အထွက် နေရာများ၊ ဆင်တောင်ဘူတာ၊ မြင်းဒိုက်ဘူတာနှင့် ခွေးရုပ်ဘူတာ များ ပျက်စီးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကြီး-ပေါမူ ရထားလမ်းပိုင်း၌လည်း ရထားလမ်းအူကြောင်းနှင့် တံတားတချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး ပြုပြင်တည်ဆောက်မှုများ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပျက်စီးခဲ့တဲ့ ရထားလမ်းပိုင်းနေရာများ ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် မြန်မာ့ မီးရထား တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၂ ရက်အထိ သွားရောက်စစ်ဆေးခဲ့ပြီး အမြန်ဆုံး ပြီးစီး အောင် ဆောင်ရွက်ရန် မှာကြားပြီး အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။(NVS 004)