မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ ပူးတွဲကော်မတီ၏ အစည်းအဝေးများ တက်ရောက်ခဲ့
15 Decလာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဒီဇင်ဘာလ ၁၂ ရက် နှင့် ၁၃ ရက်တွင်ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ ပူးတွဲကော်မတီ၏ နဝမ အကြိမ် မြောက်အစည်းအဝေးနှင့် အမျိုးသားပို့ဆောင်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အဆင့်မြင့်အရာရှိကြီး အဆင့် အကြိုညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ အစည်းအဝေးကို ဒီဇင်ဘာလ ၁ ၂ ရက်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကဏ္ဍများတွင် ပါဝင်သော မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များကို မြန်မာ နိုင်ငံမှ ပါဝင်ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ပူးတွဲကော်မတီ၏ နဝမအကြိမ်မြောက်အစည်းအဝေးကို မဟာမဲခေါင် ဒေသတွင်းနိုင်ငံများမှ ပို့ဆောင်ရေးဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ဆက်လက်တက်ရောက်ရာ အစည်းအဝေးတွင် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ အဆင့်မြင့်အရာရှိကြီးအဆင့် ညှိနှိုင်းအစည်းအဝေး (NTFC SOM) အစီရင်ခံစာ၊ ပူးတွဲကော်မတီ၏ နဝမအကြိမ်မြောက်အစည်းအဝေး ပူးတွဲ ကြေညာချက်နှင့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးသဘောတူ စာချုပ်အခြေပြစာချုပ်ငယ်-၁ (CBTA Protocol 1) ဆိုင်ရာလမ်းကြောင်းနှင့် နယ်စပ်ဝင်/ထွက် နေရာများ ဒုတိယအကြိမ် ထပ်မံတိုးချဲ့ရေးအတွက် နားလည်မှုစာလွှာတို့ကို ဆွေးနွေးအတည်ပြု ခဲ့ကြပါတယ်။ အဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရန် ဆက်သွယ် ချိတ်ဆက်မှု တိုးတက်မှုများမှ အကျိုးအမြတ်များဖြစ်သည့် ယှဉ်ပြိုင်မှုတိုးတက်လာခြင်းနှင့် ကုန်ကျစရိတ်လျှော့ချခြင်းဖြင့် ကုန်သွယ်မှုချောမွေ့လာခြင်း၊ ကုန်သွယ်မှု၊ ခရီးသွားမှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းနှင့် ဒေသတွင်းရှိ ပြည်သူများ၏ နေထိုင်မှုဘဝများ တိုးတက်လာခြင်းတို့ကို ရယူရန်အတွက် အရေးပါသည့် စာချုပ်တစ်ခုဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲအတွင်း ပိုမိုကောင်းမွန်သော၊ ကြွယ်ဝပြည့်စုံသော အခြေအနေသို့ ရောက်ရှိရန်အတွက် စာချုပ်ကိုအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံအနေ ဖြင့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲသည် ဒီဇင်ဘာလ ၁၃ ရက်ညပိုင်းတွင် မြန်မာ့ အမျိုးသားလေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။(NVS 008)