“ပဲခူးတိုင်းဒေသကြီးတွင် အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် ကျင်းပမည်”
13 Decပဲခူးတိုင်းဒေသကြီးတွင် အရှိုချင်း(မြေပြန့်ချင်း) တိုင်းရင်းသားများ၏ အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော်ကို ဒီဇင်ဘာလ ၃၀ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အရှိုချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ သိရပါတယ်။ အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် သဖန်းချိုကျေးရွာအုပ်စု ငှက်တော်ဦးကျေးရွာတွင် နှစ်စဉ်ကျင်းပသလို ယခုနှစ်မှာလည်း အစဉ်အလာမပျက် ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်မှာ မျိုးဆက်သစ်လူငယ်များကို ကောက်သစ်စားပွဲတော်အကြောင်း ရှင်းလင်းဟောပြောပွဲ၊ ရိုးရာဝါးညှပ် အကဖျော်ဖြေပွဲများလည်း တင်ဆက်သွားမှာဖြစ်ပြီး ပွဲလာသူများကို ချင်းရိုးရာအစားအစာများဖြင့် ကျွေးမွေးဧည့်ခံသွားမှာ ဖြစ်ပါတယ်။ အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော်ကို ရှေးယခင်ကတည်းက ချင်းလူမျိုးများနေထိုင်သော ရပ်ရွာဒေသများ အလိုက် နှစ်စဉ် တောင်ယာစိုက်ပျိုးသီးနှံရိတ်သိမ်းပြီးစီးတဲ့ ကာလများတွင် ကျင်းပလေ့ရှိပြီး တစ်နှစ်တာကာလအတွင်း ရောဂါဘယများကြားမှ အသက်ရှင်ကျန်းမာခွင့်ရပြီး တောင်ယာလုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးသီးနှံများကောင်းမွန်ပြီး အချိန်တန်ရိတ်သိမ်းနိုင်ရေး၊ အိမ်မွေးတိရစ္ဆာန်များ တိုးပွားရှင်သန်နိုင်ရေး၊ မိသားစုအတွင်းသားသမီးများ ထွန်းကားစေရေး စသည်တို့ကို နှစ်စဉ်ရရှိရန် ဘိုးဘွားများကို ကျေးဇူးဆပ်ပူဇော်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရပါတယ်။ (NVS-004)