“ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သဲပန်းချီကားများကို ပြည်ပခရီးသွားများ စိတ်ဝင်စားသူများပြားလာ”

13 Dec

ခရီးသွားရာသီတွင် ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ပုဂံသို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ် လျက်ရှိရာ ပုဂံဒေသ၏ မူရင်းလက်မှုပညာရပ်တစ်ခုဖြစ်တဲ့ သဲပန်းချီကားများကို စိတ်ဝင်တစား ဝယ်ယူမှုများပြားလာ ကြောင်း ပုဂံဒေသခံ သဲပန်းချီလက်မှုပညာရှင်များထံမှ သိရပါတယ်။ ပုဂံဒေသတွင် သဲပန်းချီ၊ နံရံရေဆေးရေးပန်းချီ၊ ယွန်းထည်လုပ်ငန်း၊ ပန်းပုလုပ်ငန်းနှင့် ရုပ်သေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကာ နှစ်အနည်းငယ်အတွင်းမှာ သဲပန်းချီလုပ်ငန်းကို ဒေသခံများက ပိုမိုစိတ်ဝင်စားကာ လုပ်ကိုင် လာသည့် လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။ ပုဂံဒေသသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဘုရား၊ စေတီ၊ ပုထိုးများနှင့် ပုဂံခေတ် နံရံဆေးရေးပန်းချီ လက်ရာတို့ကြောင့် ကျော်ကြားလျက်ရှိပြီး အဆိုပါ ရှေးဟောင်းပန်းချီလက်ရာများကို သဲပန်းချီအဖြစ် တီထွင်ရေးဆွဲခဲ့ရာမှ ပြည်ပခရီးသွားများမှ စိတ်ဝင်စားမှု ပိုမိုများပြားခဲ့တဲ့ လက်မှုပညာရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ သဲပန်းချီရေးဆွဲရာတွင် ဆေးဆွဲ၍ဘောင်ခတ်ထားသောအဝတ်စကို ကော်သုတ်ပြီး သဲနုနုဖြူး၍ အခြောက်လှန်း ခြင်းကို သုံးကြိမ်ပြုလုပ်ကာ မိမိလိုရာပုံကို စတင်ရေးဆွဲခြင်းဖြစ်ပါတယ်။ ရေးဆွဲနေစဉ် မူရင်းပုံဆေးသားဖြစ်စေ၊ ပုံနှင့် လိုက်ဖက်ရာဆေးသားဖြစ်စေ ခြယ်သလေ့ရှိပြီး ပုံအရွယ်အစားပေါ်မူတည်ပြီး အကြမ်းထည်နှင့် အနုစိတ်ရေးဆွဲမှုသည် နှစ်ရက်မှ ငါးရက်ထိကြာမြင့်ပါတယ်။ အဆိုပါ သဲပန်းချီကား ၁၀ x ၂၅ လက်မ တစ်ခုလျှင် ငွေကျပ် ၂၅,၀၀၀ မှစပြီး ဆိုဒ်အရွယ်အစားပေါ်မူတည်ကာ ငွေကျပ် သိန်းကျော်အထိ ရှိပါတယ်။ ဒါ့အပြင် ရှေးဟောင်းပုံများနှင့် သဘာဝကိုအခြေခံထားသော သဲထွင်းပန်းချီ (သဲပန်းပု)မှာ ခက်ခဲလက်ဝင်မှုကြောင့် ရေးဆွဲမှုနည်းသော်လည်း နိုင်ငံခြားခရီးသွားများ နှစ်သက်ကြတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိကာလမှာ ဘောင်သွင်းထားသော ရှေးဟောင်းလက်ရာ သဲပန်းချီများနှင့် သဲထွင်းပန်းချီ ဘုရားပုံတော် များမှာ အရောင်းအဝယ်ကောင်းနေခြင်းဖြစ်ပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုလက်ရာကိုအခြေခံ၍ ခေတ်သစ်ပုံစံနှင့် ပေါင်းစပ်ဖန်တီးထားတဲ့ သဲပန်းချီရေးဆွဲမှုက ပုဂံဒေသ၏ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ရှင်သန်လျက်ရှိပြီး ခိုင်မာသောဈေးကွက်ရရှိရန်နှင့် ရိုးရှင်းလှပပြီး ယဉ်ကျေးမှုထိန်းသိမ်းသောလက်ရာတစ်ခုမှ ခေတ်မီဆန်းသစ်သောလက်ရာပုံစံသို့ ပြောင်းလဲနိုင်ရန် ဖန်တီးထုတ်လုပ် သူများက မျှော်လင့်ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

13 Dec

ADVERTISE HERE .