“သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ရန် တရုတ်သမ္မတကို ဒေါ်နယ်ထရမ့် ဖိတ်ကြားထားဟုဆို”

13 Dec

လာမည့်လအတွင်း ကျင်းပမည့် အမေရိကန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ရန်အတွက် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ရွေးကောက်ပွဲအနိုင်ရရှိသည့် သမ္မတလောင်း ဒေါ်နယ်ထရမ့် က ဖိတ်ကြားထားကြောင်း ဒီဇင်ဘာလ ၁၁ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။ နိုဝင်ဘာလ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော ရီဘတ်ဗလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် အမေရိကန်နိုင်ငံ၏ ၄၇ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရမည်ဖြစ်သည်။ အမေရိကန် မီဒီယာ များ၏အဆိုအရ ယင်းကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဒေါ်နယ်ထရမ့် က ဖိတ်ကြားထားသည်။ သို့သော် ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်ကို တရုတ်အစိုးရ က လက်ခံထားခြင်း ရှိ၊မရှိ မသိရသေးဟု အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ရန် အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ဖိတ်ကြားထားသည်ဟူသော သတင်းများကို အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး က တစ်စုံတစ်ရာ ထုတ်ပြန်ဖော်ပြခဲ့ခြင်းမရှိကြောင်း သိရသည်။ နိုဝင်ဘာလ ၅ ရက် က အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်သည် ဒီမိုကရက်တစ်ပါတီ၏သမ္မတလောင်း လက်ရှိ ဒုတိယသမ္မတ ကမ်လာ ဟဲရစ်ကို အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

13 Dec

ADVERTISE HERE .