“အိန္ဒိယနိုင်ငံက ကူညီပေးသည့် ဆန်တန်ချိန် ၂,၂၀၀ ကို လွှဲပြောင်းပေးအပ်”
13 Decအိန္ဒိယအစိုးရက မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ပေးပို့ကူညီတဲ့ ဆန် မက်ဒရစ် တန်ချိန် ၂,၂၀၀ ကို ဒီဇင်ဘာလ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur က အကူအညီလိုအပ်တဲ့ မြန်မာနိုင်ငံပြည်သူ ၁၄၀,၀၀၀ ခန့်ကို အကျိုးပြုရန်အတွက် လှူဒါန်းတဲ့ ကွန်တိန်နာ ၈၆ လုံးပါသင်္ဘာနဲ့ ပို့ဆောင်ပေးခဲ့သော အိန္ဒိယဆန်ဖြူ မက်ထရစ်တန်ချိန် ၂,၂၀၀ တန်ကို ရန်ကုန်ဆိပ်ကမ်းမှာ လွှဲပြောင်းပေးအပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်လက်ခံရယူခဲ့ကြသည်ဟု သိရပါတယ်။ အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ ပေးပို့မည့်ဆန်များကို ချန်နိုင်းဆိပ်ကမ်းမှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း နှင့် အိန္ဒိယအစိုးရ၏ အရှေ့မျှော်မူဝါဒနှင့် အိမ်နီးချင်းနိုင်ငံများကို ပထမဦးစားပေးမူဝါဒအရ မြန်မာနိုင်ငံသို့ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးပို့ခြင်းဖြစ်ကြောင်း ဆန်တန်ချိန် ၂,၂၀၀ က ကလေးများ၊ အမျိုးသမီးများ၊ လူငယ်၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် စားဝတ်နေရေးခက်ခဲနေသူများအတွက် အကူအညီ ဖြစ်စေမှာဖြစ်ကြောင်းလည်း အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယအစိုးရက မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခက်အခဲများကို တုံ့ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ယခင်ကလည်း ကူညီထောက်ပံ့ပေးခဲ့ဖူးသလို ပြီးခဲ့သော စက်တင်ဘာလကလည်း ရာဂီမုန်တိုင်းဒဏ်ခံ မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် တန်ချိန် ၅၃ တန်ရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးပို့ခဲ့ဖူး ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာများ ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများ ကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်သူအရေအတွက် မြင့်တက်လာခဲ့ပြီး နေရပ်စွန့်ခွာသူ အရေအတွက် ၃ သန်းအထိ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ (NVS 004)