“ဖိလစ်ပိုင်ကို အနိုင်ကစားသွားမယ်လို့ဆိုလိုက်တဲ့ မြန်မာလက်ရွေးစင်နည်းပြ ဦးမျိုးလှိုင်ဝင်း”
12 Decမြန်မာအသင်းအနေနဲ့ အဖွင့်ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်မြို့မှာ အင်ဒိုနီးရှားအသင်း နဲ့ကစားခဲ့ပြီး တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အခုလိုပထမပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဖိလစ်ပိုင်အသင်းနဲ့ပွဲက အရေးကြီးနေပြီး အနိုင်သုံးမှတ်ရယူနိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာလက်ရွေးစင်နည်းပြ ဦးမျိုးလှိုင်ဝင်းက ပြောကြားခဲ့ပါတယ်။ မြန်မာအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ဟာ ဒီဇင်ဘာ ၁၂ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Memorial အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အဆိုပါပွဲနဲ့ပတ်သက်ပြီး မြန်မာအသင်းရဲ့ ကွင်းလယ်လူ လွင်မိုးအောင်ကလည်း မြန်မာအသင်းအနေနဲ့ အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်ထားသလို ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စု(B)မှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို အသင်းတို့နဲ့အတူကျရောက်နေပြီး ပွဲစဉ်တစ်ပွဲကစားပြီးချိန်မှာ အုပ်စုတတိယနေရာမှာ ရပ်တည်နေပါတယ်။ (NVS 008)