“ကမ္ဘာ့ကပ်ရောဂါများ ဖြစ်ပွားခဲ့ပါက ငါးနှစ်အတွင်း စီးပွားရေးဆုံးရှုံးနိုင်ခြေ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ထရီလီယံအထိ ရှိလာနိုင်ဟု ခန့်မှန်း”
12 Decနောင်တစ်ချိန်တွင် ကမ္ဘာ့ကပ်ရောဂါများ ဖြစ်ပွားခဲ့ပါက ငါးနှစ်အတွင်း စီးပွားရေး ဆုံးရှုံးနိုင်ခြေ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၆ ထရီလီယံအထိ ရှိလာနိုင်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အာမခံဈေးကွက်က ခန့်မှန်းထား သည်။ အဆိုပါ ဆုံးရှုံးမှုများသည် လော့ဒေါင်းချမှုများ၊ ကမ္ဘာတစ်ဝန်း ခရီးသွားလာရေးကန့်သတ်မှုများကြောင့် စက်မှုလုပ်ငန်းများမှ အဓိကထွက်ပေါ်လာမည့် ဆုံးရှုံးမှုများဖြစ်သည်ဟု ထိုဈေးကွက်၏ ဒီဇင်ဘာလ ၁၁ ရက် ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ အာမခံဈေးကွက်မှ လေ့လာသူများနှင့်ကိန်းဘရစ်တက္ကသိုလ်မှ ပညာရှင်များ က အဆိုပါခန့်မှန်းတွက်ချက်မှုကို လုပ်ဆောင်ထားခြင်းဖြစ်သည်။ ၎င်းတို့၏ခန့်မှန်းချက်အရ ကမ္ဘာ့ကပ်ရောဂါ ထပ်ဖြစ်လာပါက အဆိုးဆုံးထိခိုက်မှုသည် ဒေါ်လာ ၄၁ ဒသမ ၇ ထရီလီယံမှအနည်းဆုံး ထိခိုက်မှု ဒေါ်လာ ၇ ဒသမ ၃ ထရီလီယံအထိ ရှိနိုင်သည်ဟု သိရသည်။ အာမခံဈေးကွက်မှ ထွက်ပေါ်လာသည့် အဆိုပါဆုံးရှုံးမှုပမာဏတွင် ကပ်ရောဂါကြောင့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို ဖျက်သိမ်းလိုက်ရခြင်းကြောင့် ဆုံးရှုံးမှုများ အပါအဝင် ကာကွယ်ဆေးများကို ထုတ်လုပ်မှု၊ သိုလှောင်သိမ်းဆည်းမှုနှင့် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်များ ပါဝင်သည်ကို တွေ့ရသည်။ သို့သော် ပြီးခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်က တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် မည်မျှပမာဏ ဆုံးရှုံးထားသည်ကို ထုတ်ပြန် ချက်တွင် ဖော်ပြထားခြင်း မရှိကြောင်း RTA သတင်းဌာနတွင် ဖော်ပြထားသည်။