“ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း”
12 Decမြန်မာနိုင်ငံမှာ တရားဝင်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားတဲ့ အလုပ်သမားအဖွဲ့အစည်းပေါင်း ၃၀၅၄ ဖွဲ့ ရှိပြီး နိုင်ငံ၏ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်စေရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အလုပ်သမားဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က အစိုးရ၊အလုပ်ရှင်နှင့်အလုပ်သမားသုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဆိုပါအစည်းအဝေးကို ဒီဇင်ဘာလ ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားသော အခြေခံအလုပ်သမားအဖွဲ့အစည်း ၂,၈၃၃ ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၅၈ ဖွဲ့၊ မြို့နယ်အလုပ်ရှင် အဖွဲ့အစည်း ၁ ဖွဲ့၊ တိုင်း/ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ၉ ဖွဲ့၊ အလုပ်ရှင် အဖွဲ့ချုပ် ၁ ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၁ ဖွဲ့ စုစုပေါင်း ၃၀၅၄ ဖွဲ့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါအလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ဥပဒေနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံ၏ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်စေရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမယ် လို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် က တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဲဒီနောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ခုံသမာဓိကောင်စီအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သ မားကိုယ်စားလှယ်များ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောကြုံတွေ့နေရတဲ့ လုပ်ငန်းဆိုင်ရာအခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ (NVS 004)