"ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး တင်ပို့နိုင်ခဲ့"

12 Dec

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ပို့ကုန်အဖြစ်တင်ပို့မှုမှာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း နိုဝင်ဘာလအထိ ပို့ကုန် တင်ပို့မှု အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၂၅ ဘီလီယံ တင်ပို့နိုင်ခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီဇင်ဘာလ ၁၀ ရက် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ယခုတင်ပို့မှုထက် မြင့်မားလာစေဖို့အတွက် ယခုဘဏ္ဍာနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို ထိထိမိမိဆောင်ရွက်နိုင်ရန်နှင့် သွင်းအားစုတွေ၊ တိရစ္ဆာန်အစာတွေကိုလည်း သက်ဆိုင်ရာ ဌာနတွေအနေနဲ့ အချိန်မီရရှိနိုင်ရေး၊ အရည်အသွေးမီအဆင့်အတန်းရှိတဲ့ ကုန်ကြမ်းပစ္စည်းရရှိရေးကို စီမံဆောင်ရွက် ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရေးနှစ်မှာ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆၁၄ ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး အဓိကပို့ကုန်တွေမှာ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ကြက်သွန်၊ ရာဘာစိမ်း၊ ရေထွက်ပစ္စည်းတွေနဲ့ သတ္တုတွင်းထွက်ပစ္စည်းတွေကို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ (NVS 004 )

12 Dec

ADVERTISE HERE .