“ရန်ကုန်မြို့ပတ် DEMU ရထားစီးနင်းခများ တိုးမြှင့်သတ်မှတ်”
12 Decရန်ကုန်မြို့ပတ်ပြေးဆွဲဝန်ဆောင်မှုပေးနေတဲ့ စပိန်နိုင်ငံထုတ် DEMU ရထားလက်မှတ်နှုန်းထားခများကို ဒီဇင်ဘာလဆန်းပိုင်းမှစတင်ပြီး ခရီးစဉ်တစ်ဝက်အထိကို ၅၀၀ ကျပ်နှင့် ခရီးစဉ်အစအဆုံးကို ၁,၀၀၀ ကျပ်အဖြစ် ပြောင်းလဲတိုးမြှင့်သတ်မှတ်ထားကြောင်း မြန်မာ့မီးရထားတိုင်းအမှတ် (၇) ရန်ကုန်မှ သိရပါတယ်။ ရန်ကုန်မြို့ပတ်ရထားခရီးစဉ်အတွင်း RBE ဂျပန်တွဲဆိုင်းရထားနှင့် DEMU ရထားစီးနင်းခ ဈေးနှုန်းများကို ယခင်က တပြေးညီသတ်မှတ်ထားပြီး ခရီးစဉ်တစ်ဝက်ဖြစ်တဲ့ (ဝ)မိုင်မှ (၁၅) မိုင်ထိကို ၄၀၀ ကျပ်နှင့် ခရီးစဉ် အစအဆုံး (၀) မိုင်မှ မိုင် (၃၀) အထိကို ၈၀၀ ကျပ် သတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ယခုတိုးမြှင့် သတ်မှတ်လိုက်မှုမှာ RBE ဂျပန်တွဲဆိုင်းရထားခရီးစဉ်များအတွက် မပါဝင်ဘဲ DEMU ရထားခရီးစဉ်များအတွက်သာ ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်းမှာ RBE ရထား ၂၀ စင်းနဲ့ DEMU ရထား ၁၅ စင်းဖြင့် ပြေးဆွဲ ဝန်ဆောင်မှုပေးနေပြီး လက်မှတ်စစ်ဆေးရာမှာ လက်မှတ်မဲ့ဖြစ်ပါက RBE ရထား ၄၀၀ ကျပ် ခရီးစဉ်အတွက် ဒဏ်ကြေး ၄,၀၀၀ ကျပ်နှင့် ၈၀၀ ကျပ်ခရီးစဉ်အတွက် ဒဏ်ကြေး ၈,၀၀၀ ကျပ်၊ DEMU ရထား ၅၀၀ ကျပ် ခရီးစဉ်အတွက် ဒဏ်ကြေး ၅,၀၀၀ ကျပ်နှင့် ၁,၀၀၀ ကျပ် ခရီးစဉ်အတွက် ဒဏ်ကြေး ၁၀,၀၀၀ ကျပ်စသဖြင့် သတ်မှတ်ထားကြောင်း သိရပါတယ်။ ရန်ကုန်မြို့ပတ်ရထားခရီးစဉ်တွင် စပိန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU) ရထားသစ်များနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်မှစတင်ပြေးဆွဲဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ကာ ရထားတစ်စီးမှာ တွဲဆိုင်း ၆ တွဲပါဝင်ပြီး ထိုင်စီးခရီးသည် ၃၃၂ ဦးနှင့် ရပ်စီးခရီးသည် ၅၀၀ ဦး စုစုပေါင်း ၈၀၀ ဦးကျော် စီးနင်းလိုက်ပါနိုင်ပါတယ်။ လက်ရှိမှာ DEMU ရထားစီးနင်းသူများပြားလျက်ရှိပြီး နေ့စဉ် ရုံးတက်/ ရုံးဆင်းချိန်များတွင် စီးနင်းသူဦးရေ ၇၀၀ ကျော် အထိရှိကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ (NVS 004)