ပင်းတယမြို့နယ်မှ ထွက်ရှိတဲ့ ထောပတ်သီးများအရောင်းအဝယ်ကောင်းမွန်လျက်ရှိ

12 Dec

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်ရှိ ထောပတ်သီးများ စတင်ခူးဆွတ် ရောင်းချချိန်မှစတင်၍ အရောင်းအဝယ်ကောင်းမွန်လျက်ရှိပြီး ထောပတ်သီးစိုက်ပျိုးရောင်းချသည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရပါတယ်။ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက စိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်းကျောင်းပြုကြပြီး ဒေသနှင့်ကိုက်ညီသော သီးပင်၊ စားပင်နှင့် ပန်းပင်များကို မျိုးကောင်းမျိုးသန့်များရရှိရန်အတွက် စိုက်ပျိုးရေး နည်းပညာများအသုံးပြု၍ စနစ်တကျစိုက်ပျိုးလျက်ရှိရာ ထောပတ်သီးပင်များကို မိမိတို့နေအိမ်ခြံဝင်းများအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများရှိသကဲ့သို့ စီးပွားဖြစ်စိုက်ပျိုးဧကအများအပြား စိုက်ပျိုးကြသူများလည်းရှိပါတယ်။ အခုလိုစိုက်ပျိုးကြရာတွင် တောင်ပေါ်ဒေသများဖြစ်သည့် မဲနယ်တောင်ကျေးရွာ၊ ပန်းစစ်ကျေးရွာ၊ ဆီးကျအင်း ကျေးရွာနှင့် အခြားသောတောင်ပေါ် ဒေသများတွင် မတ်လပိုင်းမှ စတင်ခူးဆွတ်ရောင်းချကြရပြီး မြေပြန့်ဒေသများ၌ စိုက်ပျိုးထားသည့် ထောပတ်သီးများအား ဒီဇင်ဘာလအတွင်း ခူးဆွတ်ရောင်းချကြရကြောင်း သိရပါတယ်။ ပင်းတယ မြို့နယ်မှ ထွက်ရှိသော ထောပတ်သီးများကို ရန်ကုန်၊ တာချီလိတ် နှင့် အခြားမြို့တို့သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရပါတယ်။ (NVS 004)

12 Dec

ADVERTISE HERE .