“ပဲခူးတိုင်းဒေသကြီး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ၂၈ သန်းဝင်ရောက်ခဲ့”
11 Decပဲခူးတိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်း ဝင်ရောက်ခဲ့တယ်လို့ ဒီဇင်ဘာလ ၉ ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့တဲ့ အမှတ်စဉ်(၆/၂၀၂၄) ရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်တိုးခြင်းတစ်ခု၊ မြန်မာနိုင်ငံသားကုမ္ပဏီနှစ်ခုမှ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် နှစ်ဘီး/သုံးဘီးတပ် ယာဉ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းနှစ်ခု၊ မတည်ရင်းနှီးငွေပမာဏ တိုးမြှင့်ခြင်းလုပ်ငန်း တစ်ခု၊ လုပ်သားအင်အားတိုးမြှင့်ခန့်ထားခြင်းလုပ်ငန်းတစ်ခုနှင့် တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းလုပ်ငန်းတစ်ခုတို့၏ လုပ်ငန်းအမှုတွဲများအားရှင်းလင်းတင်ပြခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်တစ်ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၈၆ သန်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉၄ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းဖြင့် အလုပ် အကိုင်အခွင့်အလမ်း ၁၄၀ ဦး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ လက်ရှိအချိန်ထိ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၈၀၂ သန်းနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၀၆,၈၄၃ ဒသမ ၈၃၂ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၂,၈၅၇ ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)