“မကွေးတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ နေကြာဧက ၂ဝ,ဝဝဝ ကျော် စိုက်ပျိုးပြီးစီး”
11 Decမကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ကျေးရွာများမှာ ဆောင်းသီးနှံနေကြာကို ဧက ၂ဝ,ဝဝဝ ကျော် စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ အခုလိုစိုက်ပျိုးရာမှာ ဒေသခံတောင်သူများ နေကြာ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များကို စနစ်တကျ ရွေးချယ် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသည့်နည်းစနစ် မှန်ကန်စေရေးတို့အတွက် စိုက်ပျိုးရေးဝန်ထမ်းများက စိုက်ခင်းထဲ အရောက် ကွင်းဆင်းကာ စိုက်ပျိုးစေခဲ့တာ ဖြစ်ပါတယ်။ ဆောင်းနေကြာသီးနှံစိုက်ပျိုးရန် မြေယာပြုပြင်ပြီးချိန်တွင် မျိုးစေ့တစ်ဧက နှစ်ပြည်နှုန်းသုံးစွဲရန် ကြဲပက်ကာ စိုက်ပျိုးကြပြီး ရေဆင်းစပ်မျိုး၊ ဆင်းရွှေကြာ (၂) နှင့် အိန္ဒိယမျိုးများကို အများဆုံး ရွေးချယ်စိုက်ပျိုးလေ့ရှိကြပါတယ်။ ဆီထွက်သီးနှံများထဲမှာ နေကြာစိုက်ပျိုးခြင်းက စိုက်ပျိုးစရိတ် ကုန်ကျမှုအသက်သာဆုံးဖြစ်ပြီး ဒေသခံတောင်သူများ စီးပွားရေး ပိုမိုတွက်ချေကိုက်သည့်အတွက် နေကြာသီးနှံကို အများဆုံးအားထား စိုက်ပျိုးကြကြောင်း သိရပါတယ်။ မင်းဘူး(စကု)မြို့နယ်မှာ ယခုနှစ်စိုက်ပျိုးရာသီမှာ ဆောင်းနေကြာသီးနှံကို ဧကပေါင်း ၃ဝ,ဝဝဝ ကျော် လျာထားကာ ယနေ့အထိ ၂၆,၅၅၃ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မင်းဘူးမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ (NVS 004)